မူးယစ်ရာဇာနော်ခမ်းကို ဆေးထိုးပြီး ကွပ်မျက်တော့မည်

ရွှေတြိဂံဒေသတွင် ဖမ်းမိခဲ့သော မူးယစ်ရာဇာနော်ခမ်း နှင့် ၎င်း၏ လက်ထောက် ၃ ဦးတို့ကို
ယူနန်ပြည်နယ် ကူမင်းမြို့တွင် မနက်ဖြန် ဆေးထိုးပြီး ကွပ်မျက်မည်ဖြစ်ကြောင်း တရုတ်တရားရုံးတခုကို ကိုးကားပြီး ဆင်ဟွာသတင်းတစ်ပုဒ်တွင် ရေးသားထားသည်။ ၎င်းတို့ကို တရုတ် သင်္ဘောသား ၁၃ ဦး သတ်ဖြတ်မှုဖြင့် သေဒဏ် ပေးရန် စီရင်ချက်ချထားပြီးဖြစ်ကြောင်း၊ လက်ထောက် ၃ ဦးမှာ ထိုင်းနိုင်ငံမှ Hsang Kham, နိုင်ငံမဲ့ဖြစ်သူ Yi Lai, လာအိုလူမျိုး Zha Xika တို့ ဖြစ်သည်ဟု အဆိုပါ သတင်းတွင် ရေးသား ဖော်ပြထားသည်။ ပီကင်းမြို့ တရားရုံးချုပ်က ၎င်းတို့အပေါ် စီရင်ချက်ကို ပြန်လည် စစ်ဆေးပြီးနောက် ကွပ်မျက်ရန် လက်မှတ်ထိုးခဲ့ကြောင်း သတင်းတွင် ဆက်လက် ရေးသား ဖော်ပြထားသည်။ ယင်းသို့ ကွပ်မျက်မိန့်ကို ဖေဖော်ဝါရီ ၂၂ (သောကြာနေ့) တွင် ကူမင်းမြို့တရားရုံးက လက်ခံရရှိခဲ့ကြောင်း၊ ဖေဖော်ဝါရီ ၂၄ (တနင်္ဂနွေနေ့) တွင် တရားခံတို့အား အသိပေးခဲ့ကြောင်းလည်း ရေးထားသည်။ တရားခံတို့၏ ဆွေမျိုးများ၊ ထိုင်း နှင့် မြန်မာ သံအရာရှိများကို တရားခံတို့နှင့် တွေ့ဆုံရန် တရားရုံးက စီစဉ်ပြီးဖြစ်ကြောင်း၊ ကွပ်မျက်ပြီးပါက ရုပ်အလောင်း၊ သေတမ်းစာ၊ ကိုယ်ပိုင်ပစ္စည်း စသည်တို့ကို တရားရုံးက ဆွေမျိုးများ သို့တည်းမဟုတ် သံအရာရှိများထံ လွဲအပ်မည်ဖြစ်ကြောင်း ဆင်ဟွာသတင်းတွင် ရေးသားထားသည်။နော်ခမ်း၏ အဖွဲ့ဝင် ၂ ဦးဖြစ်သော Zha Bo နှင့် Zha Tuobo ဆိုသူတို့ ၂ ဦးသည် ဆိုင်းငံ့ သေဒဏ်၊ ထောင်ဒဏ် ၈ နှစ် တို့ကို သီးခြားစီ ကျခံရမည် ဖြစ်သည်ဟု ဆိုသည်။ မဲခေါင်မြစ်အတိုင်း ခုတ်မောင်းခဲ့သော တရုတ်သင်္ဘော ၂ စီး သည် မြန်မာ၊ ထိုင်း၊ လာအို သုံးနိုင်ငံဆုံရာ ရွှေတြိဂံဒေသတွင် တိုက်ခိုက်ခံရပြီး တရုတ်သင်္ဘောသား ၁၃ ဦး သတ်ဖြတ်ခံခဲ့ရသည်။ လွန်ခဲ့သည့် ၂ နှစ်က ပေါ်ပေါက်ခဲ့သော ထိုတိုက်ခိုက်မှုကို မူးယစ်ရာဇာနော်ခမ်း၏ အဖွဲ့က ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes