ဖားကန့်က စစ်ပြေးဒုက္ခသည်တွေအတွက် ကုလအကူအညီ စတင်ရောက်ရှိ


မြန်မာအစိုးရ စစ်တပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တို့အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် စစ်ရှောင်နေရတဲ့ ဒုက္ခသည်တွေအတွက် ကုလသမဂ္ဂနဲ့ နိုင်ငံတကာ လူသားချင်းစာနာမှု အကူအညီပေးရေး အဖွဲ့အစည်းတွေ စုပေါင်းပြီး ပေးပို့တဲ့အကူအညီတွေ ဒီကနေ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ ဖားကန့်မြို့က ဒုက္ခသည်စခန်းတွေကို စတင်ရောက်ရှိလာပါတယ်။
ကုလသမဂ္ဂနဲ့ အဖွဲ့အစည်းတွေက ဖားကန့် ကျောက်စိမ်းတွင်း ဒေသဖက်မှာရှိတဲ့ လုံးခင်း၊ မှော်စီစာ၊ ဆိပ်မူ(ဆိုင်းတောင်) စတဲ့ ကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေကြတဲ့ စစ်ဘေးရှောင် ပြည်သူတွေအတွက် ပေးအပ်လှူဒါန်းတာဖြစ်ပါတယ်။
အရေးပေါ်ပစ္စည်း၊ စားနပ်ရိက္ခာ၊ ဆေးဝါး၊ အဝတ်အထည်နဲ့ လူသုံးကုန်ပစ္စည်း စုစုပေါင်း တန်ချိန် ၉ဝ ကျော်ကို သယ်ဆောင်ပြီး လှူဒါန်းတာဖြစ်တယ်လို့ UNDP ရုံးရဲ့ ပြန်ကြားရေးအရာရှိ ဦးအေးဝင်းက RFA ကို ပြောပါတယ်။
အစိုးရတပ်တွေနဲ့ ကေအိုင်အေတပ်တွေရဲ့ တစ်နှစ်ကျော်ကြာ စစ်ရေးပဋိပက္ခ ကာလအတွင်း ကချင်ပြည်နယ်ထဲမှာ စစ်ဘေးရှောင်ပြည်သူ အနည်းဆုံး တစ်သိန်းဝန်းကျင်ရှိတယ်လို့ ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေသူတွေက ပြောပါတယ်။

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes