ဒုတိယသမ္မတ ဦးဉာဏ်ထွန်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များမှ လုပ်ငန်းရှင်များနှင့်တွေ့ဆုံ

ရန်ကုန် ဖေဖေါ်ဝါရီ  ၂၃

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းသည် ယနေ့မွန်းလွဲ (၁)နာရီတွင် ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်ရှိ လှိုင်သာယာစက်မှုဇုန် စီမံခန့်ခွဲရေးရုံး ကနောင်ခန်းမ၌ ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ စက်မှုဇုန်များမှ စက်မှုလုပ်ငန်းရှင်များနှင့် တွေ့ဆုံသည်၊

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ ဒုတိယဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဌနှင့် အလုပ်အမှုဆောင် အဖွဲ့ဝင်များ၊ စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီ ဥက္ကဌများနှင့် အဖွဲ့ဝင်များ၊ စက်မှုဇုန်များမှ စက်မှုလုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်၊

အခမ်းအနားတွင် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းက အဖွင့်အမှာစကား ပြောကြားရာ၌ မိမိတို့ နိုင်ငံ၏ စီးပွားရေး ပြုပြင်ပြောင်းလဲမှု ဆောင်ရွက်ရာတွင် အရင်းအနှီး၊ နည်းပညာနှင့် လူ့စွမ်းအား အရင်းအမြစ်တို့ ပြည့်စုံ လုံလောက်မှု မရှိသေးမီ ကာလအတွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို  မလွဲမသွေ ဖိတ်ခေါ်ရမည် ဖြစ်ကြောင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများကြောင့် မိမိ နိုင်ငံသားများ ထိခိုက် နစ်နာမှုကို ကာကွယ်နိုင်ရန် မူဝါဒ (၄)ရပ် ချမှတ်ပြီး ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းမူဝါဒ (၄)ရပ်ထဲတွင် နိုင်ငံသားများ၏ အကျိုး စီးပွားကို မထိခိုက်စေရန် ဆိုသည့် အချက်တစ်ချက် ပါဝင်ကြောင်း၊ ယခုအခါ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ လည်း ဝင်ရောက်စ ပြုနေပြီ ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်တွင်းရှိ အသေးစားနှင့် အလတ်စား လုပ်ငန်းများ ထိခိုက် နစ်နာမှု မရှိစေရအောင် ယှဉ်ပြိုင်မှုစွမ်းအားများ မြင့်မားတိုးတက်လာအောင်၊ အသေးစားနှင့် အလတ်စား လုပ်ငန်းများ၏ စွမ်းဆောင်ရည်နှင့် ထုတ်လုပ်မှုစွမ်းအားများ တိုးတက်လာအောင် ပြုလုပ် ရမည်ဖြစ်ကြောင်း၊ မိမိတို့ နိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့် နိုင်ငံမှ စက်မှုထွန်းကားသည့် နိုင်ငံ အဖြစ် တက်လှမ်းရန် ကြိုးစားဆဲဖြစ်သည့် အပြင် မိမိတို့ကဲ့သို့ ဖွံ့ဖြိုးမှု နောက်ကျနေသည့် ဖွံ့ဖြိုးဆဲ နိုင်ငံများ၏ စီးပွားရေး လုပ်ငန်းအများစုကို ပြန်ကြည့်လျှင် အသေးစားနှင့် အလတ်စားလုပ်ငန်း များသာလျှင် အများဆုံး ဖြစ်ကြောင်း၊ မိမိတို့ ထူထောင် ထားရှိပြီးဖြစ်သည့် စက်မှုဇုန် အသီးသီးကို လေ့လာကြည့်လျှင် အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများသာ ဖြစ်ကြောင်း၊ မိမိတို့ နိုင်ငံ အနေဖြင့် အာဆီယံ စီးပွားရေး အသိုက်အဝန်းတွင် ပါဝင်ပြီး လွတ်လပ်သော ကုန်သွယ်မှု သဘော တူညီ ချက်အတိုင်း လိုက်ပါ ဆောင်ရွက်ရမည် ဖြစ်သည့် အခြား အိမ်နီးချင်း နိုင်ငံများထက် စာလျှင် အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများကို ပိုမိုအားပေး မြှင့်တင်ရန် လိုအပ်ကြောင်း၊

အဘယ်ကြောင့်ဆိုသော် တစ်ဖက်တွင် အခြား နိုင်ငံထက် စီးပွားရေး နောက်ကျကျန်နေသည့်  အခြေအနေမှ စီးပွားရေး ဦးမော့ တိုးတက်လာအောင် နည်းပညာနှင့် အရင်းအနှီး လိုအပ်သည့် အတွက် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ရမည် ဖြစ်သော်လည်း ပြည်တွင်း၌ ရှိပြီး အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ထိခိုက်ပြိုလဲမှု မရှိအောင် အားပေး မြှင့်တင်ရန် အာဆီယံ လွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက် အရ ကုန်စည်နှင့်  ဝန်ဆောင်မှုများ၊ ရင်းနှီးမြှုပ်နှံမှုများကို လွတ်လပ်စွာ စီးဝင် ပေးရသည့်အခါ ပြည်တွင်းမှ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ထိခိုက် ပြိုလဲမှုမရှိအောင် အားပေးမြှင့်တင်ရန် လိုအပ်ကြောင်း၊ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ၏ ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထား အားပေး မြှင့်တင်ရန်၊ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းကြီးများကြောင့် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ထိခိုက်ပြိုလဲခြင်း မရှိစေရေး ကာကွယ် တားဆီးရန်နှင့် ထို ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ဈေးကွက်များသို့ ချိတ်ဆက် ဆောင်ရွက်နိုင်သည့် အထောက်အကူပြု စီးပွားရေး ကုန်ထုတ်လုပ်ငန်းများ အဖြစ် အားပေးမြှင့်တင်ရန်၊ အာဆီယံ လွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက်အရ စီးဝင်လာမည့် ကုန်စည် ဝန်ဆောင်မှုနှင့် ရင်းနှီးမြှုပ်နှံ မှုများအား ဈေးကွက် ယှဉ်ပြိုင်နိုင်စွမ်းရှိအောင် အားပေး မြှင့်တင်ရန်၊ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ငွေကြေး အရင်းအနှီး ရရှိရေးအတွက် ဘဏ်များနှင့် ငွေချေး လုပ်ငန်းများ အားပေး မြှင့်တင် ကူညီပံ့ပိုးရန်၊ နည်းပညာနှင့် အရင်းအနှီး ရရှိရေးအတွက် ပြည်တွင်းပြည်ပ နိုင်ငံတကာ အဖွဲ့အစည်းများ ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်ရန်၊ ဈေးကွက် ဖွံ့ဖြိုးရေးနှင့် ဈေးကွက် ချိတ်ဆက်နိုင်ရေး၊ ဈေးကွက် ယှဉ်ပြိုင်နိုင်စွမ်းအား မြှင့်တင် အားပေးရန်၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေးနှင့် အလုပ်အကိုင် အခွင့်အလမ်း ရရှိရေး အားပေးမြှင့်တင်ရန်၊ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဆိုင်ရာ သတင်း အချက်အလက်နှင့် သုတေသနလုပ်ငန်းများ မြှင့်တင်ပြီး အတားအဆီး အခက်အခဲများ ဖယ်ရှား၍ လွယ်ကူ ချောမွေ့အောင် အားပေးဆောင်ရွက်ရန် ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ရန်အတွက် စက်မှုဇုန်များ၏ လက်ရှိ အခြေအနေနှင့် သတင်း အချက်အလက်များကို သိရှိ နိုင်ရန် တက်ရောက်ခြင်း ဖြစ်ကြောင်း၊ တက်ရောက်လာကြသူများ အနေဖြင့် ပွင့်ပွင့် လင်းလင်း တင်ပြ ကြရန် ဖြစ်ကြောင်း ပြောကြားသည်၊

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက ရန်ကုန်တိုင်းဒေသကြီး အတွင်း စက်မှုဇုန် (၂၉)ခု ရှိပြီး အဓိက စက်မှုဇုန်မှာ (၂၀)ခု ရှိကြောင်း၊ စက်မှုဇုန်များ၏ စက်ရုံအလုပ်ရုံပေါင်းမှာ (၆၀၀၀) ကျော် ရှိပြီး အလုပ်သမား စုစုပေါင်း (၂)သိန်း (၆)သောင်း ကျော် ရှိပါကြောင်း၊ စက်မှုဇုန်များ ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီကို ဖွဲ့စည်း၍ စက်မှုဇုန်များ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်လျက် ရှိပါကြောင်းဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်၊

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးဉာဏ်ထွန်းဦးက ရန်ကုန်တိုင်းဒေသကြီး အတွင်း စိစစ် စာရင်းကောက်ယူပြီးသော စက်မှုဇုန် (၂၀)၏ အဆင့်အတန်းအလိုက် သတ်မှတ်ထားရှိပုံ၊ စက်မှုဇုန်များ၏ လက်ရှိ လုပ်ဆောင်နေသော လုပ်ငန်း အခြေအနေများကိုလည်းကောင်း၊ မြန်မာနိုင်ငံ စက်မှုကုန်ထုတ်သူများ ဥက္ကဌ ဦးဇော်မင်းဝင်းက မြန်မာနိုင်ငံ စက်မှု ကုန်ထုတ်လုပ်သူများအသင်းနှင့် စပ်လျဉ်းသည်များ၊ အလတ်စား စက်မှုလုပ်ငန်းများ တိုးတက်ရေး လုပ်ဆောင်ရာတွင်  ကြုံတွေ့နေရသော အခက်အခဲများနှင့် ဖြေရှင်းရန် အကြံပြုချက်များကို လည်းကောင်း၊ စက်မှုဝန်ကြီးဌာန အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ဌာန ညွှန်ကြားရေးမှူး ဦးမျိုးသော်က အသေးစား အလတ်စား စက်မှုလုပ်ငန်းများနှင့် စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်း တင်ပြကြသည်၊

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လှိုင်သာယာစက်မှုဇုန်၊ ရွှေပြည်သာ စက်မှုဇုန်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) စက်မှုဇုန်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) စက်မှုဇုန်၊ ရွှေလင်ပန်း စက်မှုဇုန်နှင့် မြောင်းတကာ သံနှင့် သံမဏိ လုပ်ငန်း စက်မှုဇုန်တို့မှ စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီ ဥက္ကဌများက စက်မှုဇုန်များ၏  လုပ်ငန်းများ၊ လုပ်ငန်း အမျိုးအစားများနှင့် စက်ရုံတည်ဆောက်လည်ပတ်မှု အခြေအနေ လက်ရှိ ကြုံတွေ့ နေရသော အခက်အခဲများ၊ လျှပ်စစ်မီး လိုအပ်မှု အခြေအနေ၊ စည်ပင်ရေ ရရှိရေး၊ အခွန်နှင့် ချေးငွေ ကိစ္စများ စက်မှုဇုန် မြေနေရာ ကိစ္စများနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြကြသည်၊

ဆက်လက်၍ ဒုတိယဝန်ကြီးများ ဖြစ်ကြသော ဦးမျိုးအောင်၊ ဦးအောင်သန်းဦး၊ ဒေါက်တာ မောင်မောင်သိမ်းနှင့် ဦးစိုးတင့်တို့က တင်ပြချက်များနှင့် ပတ်သက်၍ သက်ဆိုင်ရာ ဝန်ကြီးဌာနအလိုက် ပြန်လည် ရှင်းလင်း တင်ပြကြသည်၊

ရှင်းလင်း တင်ပြချက်များနှင့် စပ်လျဉ်း၍ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းက စက်မှုလုပ်ငန်းရှင်များ လိုအပ်သည့် လျှပ်စစ် ကိစ္စ၊ အခွန် ကိစ္စ အပါအဝင် လိုအပ်ချက်များကို နိုင်ငံတော်အစိုးရ အနေဖြင့် အတတ်နိုင်ဆုံး ဖြည့်ဆည်း ပေးသွားမည် ဖြစ်ကြောင်း၊ မည်သည့် လုပ်ငန်းမဆို အခက်အခဲ အနည်းနှင့် အများ ရှိမည်ဖြစ်ကြောင်း၊ အခက်အခဲကို အခွင့်အလမ်းအဖြစ် ပြောင်းလဲ၍ အောင်မြင်အောင် ဆောင်ရွက် သွားရန် လိုကြောင်း၊ မည်သည့် လုပ်ငန်းဆောင်ရွက်သည် ဖြစ်စေ ဥပဒေ ပြဌာန်းချက်များနှင့် အညီ ဆောင်ရွက်သွားရန် အရေးကြီးကြောင်း၊ လူတိုင်း ဥပဒေကို လေးစားလိုက်နာပြီး တရားဥပဒေ စိုးမိုးရေး အလေးထားရန် လိုအပ်ကြောင်း၊ နိုင်ငံတော်အစိုးရ၊ စက်မှုလက်မှု အသင်းအဖွဲ့များ၊ စက်မှုလုပ်ငန်း ရှင်များနှင့် အရပ်ဘက် အဖွဲ့အစည်းများ ညီညီ ညွတ်ညွတ် လက်တွဲ ဆောင်ရွက်ပါက (၂၀၁၅) ခုနှစ်၊ အာဆီယံ စီးပွားရေး အသိုက်အဝန်းဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင် ကျော်လွှား သွားနိုင်မည်ဖြစ်ကြောင်း ဖြင့် ပြောကြားပြီး တွေ့ဆုံပွဲ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်၊

ထို့နောက် ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် လှိုင်သာယာ စက်မှုဇုန် အပိုင်း(၃) မင်းကြီးမဟာမင်းခေါင် လမ်းရှိ FAME ဆေးဝါး ထုတ်လုပ်ရေး စက်ရုံသို့ ရောက်ရှိကြပြီး စက်ရုံခန်းမ၌ စက်ရုံမန်နေဂျင်း ဒါရိုက်တာ ဒေါက်တာခင်မောင်လွင်က စက်ရုံနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြကာ ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် စက်ရုံအတွင်း လေ့လာကြသည်၊

ယင်းနောက် ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် စက်မှုဇုန် အပိုင်း(၄) မြဝတီမင်းကြီးလမ်းနှင့် ကင်းဝန် မင်းကြီးလမ်းထောင့်ရှိ GREAT International Fisheries Ltd သို့ ရောက်ရှိပြီး စက်ရုံအတွင်း ကုန်ထုတ် လုပ်မှု လုပ်ငန်းများကို လိုက်လံ ကြည့်ရှုခဲ့သည်။

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes