ဘောလုံးပွဲ ကြေညာသူ မြန်မာ့အသံ ဦးဝင်းအောင်ကို သတိရ ... (ဟာသ)



ဘောလုံးပွဲ ကြေညာသူ မြန်မာ့အသံ ဦးဝင်းအောင်ကို သတိရ ...
ဖုန်းတဂိုးရှင် ရေးသားသည်။

“ဟော အခုဆိုရင် မန်ဖွတ်အသင်းနည်းပြ ဆာအဲလက်စ်ဖာဂူရွှေက ပြည်တွင်းဖြစ် ကပ်စေးနှဲ ပလုပ်ပလောင်း ၀ါးရင်း လူစားလဲဖို့ ပြင်တယ်ခင်ဗျ။”

“ဟုတ်ကဲ့ ကွင်းလယ်တောင်ပံလူ ရွိုင်ယန်သိန်းဌေးအစား ငယ်မွေးခြံပေါက် မိုက်ကယ်သက်နိုင်ဝင်းကို လူစားလဲတယ်ခင်ဗျ။”

“ဟော ပြောရင်းဆိုရင်း မြို့ခံပြိုင်ဘက် ဒီမိုစီးတီးအသင်း တိုက်စစ်မှူးကြီး တီဗက်စုရဲ့ ခပ်ပျော့ပျော့ မပြင်းတပြင်း အားမပါ့တပါ ကန်ချက်ကို မန်ဖွတ်အသင်း ဒု-ခေါင်းဆောင် အီဗရာရွှေမန်း လျှောထိုးဖျက်ထုတ်ပြီး ပွဲကြည့်စင်ဘက်ကို ကျောက်ကန် ကန်ထုတ်လိုက်တယ်ခင်ဗျား။”

“ပြောရရင် ဒီနေ့ပွဲမှာ မန်ဖွတ်အသင်း ဒု-ခေါင်းဆောင် အီဗရာရွှေမန်းဟာ ဒီမိုစီးတီးအသင်း တိုက်စစ်မှူးကြီး တီဗက်စုကို အသေကပ်ထားပုံများ မသိရင် ကြိုးနဲ့ ပူးချည်ထားသလား အောက်မေ့ရတယ်ခင်ဗျ။”

“မန်ဖွတ်အသင်းခေါင်းဆောင် ဗီဒစ်သိန်းစိန်ကတော့ လာသမျှဘောလုံး ခေါင်းနဲ့ချည်း ဖျက်ထုတ်နေရလို့ ဆံပင်ပါးပြီး ထိပ်သိသိသာသာ ပြောင်နေပြီပေါ့ခင်ဗျာ။”

“ဟုတ်ကဲ့ ဒီနေ့ပွဲမှာတော့ အများမျှော်လင့်နေတဲ့ ဒီမိုစီးတီးအသင်း တိုက်စစ်မှူး အဂူရိုအိတ်ပူးကတော့ မန်ဖွတ်အသင်း ၀ါရင့်ကွင်းလယ်လူ ဘောသူခိုး (အဲ ...) ပေါစခိုးအောင်မင်းက အသေကပ်ကစားထားပြန်လို့ ခြေမပေါ်သေးဘဲ ဟိုပြေးဒီပြေး ပြေးနေတာကိုပဲ မြင်နေရသေးတယ်ပေါ့ခင်ဗျာ။”

“အခုဆိုရင် ပွဲစတာ ရွေးကောက်ပွဲ နှစ်လိမ်စာ ကျော်လာပေမယ့် ဘယ်သူ့ဘယ်သူမှ ဂိုးမသွင်းနိုင်သေးဘဲ မန်ဖွတ်အသင်းရဲ့ ကြမ်းကြမ်းတမ်းတမ်း ဖျက်ထုတ်ကစားမှုအောက်မှာ မြို့ခံပြိုင်ဘက် ဒီမိုစီးတီးအသင်း သတိနဲ့ ကြောက်ကြောက်လန့်လန့် မရဲတရဲ ကစားနေတာကို တွေ့နေရတယ်ပေါ့ခင်ဗျာ။”

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes