မဲဆောက် ဘန်ကောက်ခရီးကို လေယာဉ်ဖြင့် ပိုမိုသွားရောက်ဖွယ်ရှိ




ထိုင်းပုဂ္ဂလိကလေကြောင်းလိုင်းတခုဖြစ်သည့် NOK AIR လေကြောင်းလိုင်းက မဲဆောက်-ဘန်ကောက်ခရီးစဉ် ကို အထူးဈေးနှုံး ၁၁၁၁ ဘတ်ဖြင့် ပြေးဆွဲပေးမည်ကို ဒေသခံ ထိုင်း၊ မြန်မာတို့က ကြိုဆိုကြသည်။

မဲဆောက်မှကုန်သည်ကြီးများအသင်းဝင် နိုင်ဆူချိုင်းက”ဒီအစီအစဉ်ကကောင်းပါတယ် ဘတ်ငွေ ၁၀၀၀  လောက်ဘဲဆိုတော့ ကုန်သည်တွေ၊  နိုင်ငံခြားသားတွေနဲ့အခြားခရီးသွားတွေအတွက် အချိန်ကုန်သက်သာစေတော့ အများစုစီးကြမှာပါ” ဟု ဆိုသည်။

မဲဆောက်-ဘန်ကောက်ခရီးစဉ်ကို VIP ဘတ်စ်ကားကြီးဖြင့် သွားပါက အချိန် ၈ နာရီခန့်ကြာပြီး ကားခမှာ ၆၆၆ ဘတ်ဖြစ်ကြောင်း၊ ဈေးနှုန်း ကွာဟမှု ဘတ် ၄၀၀ ခန့်သာ ရှိသဖြင့် NOK AIR လေကြောင်းလိုင်း အသုံးပြုသူများ ပိုမိုများပြားလာနိုင်ကြောင်း နိုင်ဆူချိုင်းက ဖြည့်စွက်ပြောကြားသည်။

ယနေ့နေရပ်ပြန်ရန် မဲဆောက်သို့ရောက်ရှိလာသည့် ကိုမွန်ကြီးက ”မဲဆောက်မှာ ကြော်ငြာလိုက်ဝေတာတွေ့တယ်။ ဒါဆိုရင် နောက်ကို မဲဆောက်ကနေ  ဘန်ကောက်ပြန်ရင် လေယာဉ်ပျံပဲ စီးတော့မယ်လေ။ ဈေးက ဒီလောက် ကွာတာမှ မဟုတ်တာ။ အချိန်က တနာရီလောက်ပဲ ကြာတယ်ဆိုတော့  အလုပ်သမားတွေစီးကြမှာ သေချာတယ်” ဟုပြောသည်။

ဘန်ကောက်-မဲဆောက်-မြ၀တီခရီးစဉ်ကို တရားဝင် အ၀င်အထွက်ပြုနေသည့် မြန်မာအလုပ်သမားအရေအတွက်မှာ သာမန်ရက်များတွင် နေ့စဉ် ငါးရာကျော်ရှိသည်။  အခါကြီးရက်ကြီးမတိုင်မီ မတ်လအကုန် နှစ်ဆန်းပိုင်းတွင် နေ့စဉ်ထောင်ဂဏန်းအထက် ရှိသည်ဟု ထိုင်းလူဝင်ကြီးကြပ်ရေးအရာရှိတဦးကပြောသည်။

၎င်းကာလများတွင် ခရီးသည်တင်မော်တော်ယာဉ်လိုင်းများ လောက်ငှမှုမရှိသည့်အတွက် သောင်းနှင့်ချီသည်မြန်မာ အလုပ်သမားများ မဲဆောက်နှင့်မြ၀တီတွင် သောင်တင်ကြရသည့် ပြဿနာများကို တစုံတရာ သက်သာစေမည်ဟုလည်း မဲဆောက်-မဟာချိုင်း မှန်လုံ ကားငယ်ပြေးဆွဲသည့် နိုင်နို့ဖဒွန်းကပြောသည်။

ဘန်ကောက်တွင် အလုပ်လုပ်ကိုင်နေသည့် နန်းသီသီက”လေယာဉ်က ဘတ် ၁,၀၀၀ လောက်ပဲ ဆိုတော့ စီးကြ မှာပါ။ မဲဆောက်ကို ဆင်းရင်တော့ အများစုက  အထုတ်အပိုးတွေနဲ့ဆိုတော့ ကားနဲ့ဘဲပြန်ကြတာ များတယ်။ အပြန်တော့ လေယာဉ်စီးကြမှာပါ။ အချိန်က တနာရီလောက်ပဲ ဆိုတော့လေ” ဟု ပြောသည်။

NOK AIR လေကြောင်းလိုင်းသည် မဲဆောက်-ဘန်ကောက် အသွားအပြန်ခရီးစဉ်ကို လာမည့် မတ်လ ၁ ရက်နေ့ မှစတင်ကာ တနေ့လျှင် အသွားအပြန် ၄ ကြိမ်နှုံးဖြင့် အောက်တိုဘာလကုန်ပိုင်းထိ ပြေးဆွဲပေးမည် ဖြစ်သည်။

မဲဆောက်မှ လေယာဉ်ထွက်ချိန်များ
၉း၄၅
၁၂း၁၅
၁၅း၃၅
၁၈း၀၀

ဘန် ကောက်မှ လေယာဉ်ထွက်ချိန်များ
၀၈း၀၀
၁၀း၃၀
၁၄း၀၀
၁၅း၀၅

လက်ရှိတွင် မဲဆောက်-ဘန်ကောက်ခရီးစဉ်အတွက် NOK AIR လေကြောင်းလိုင်းမှ ခရီးသည်တဦးလျှင် ၁၅၉၀ ဘတ်၊ မဲဆောက်-ချင်းမိုင်ခရီးစဉ်ကို  ၉၉၉ ဘတ်ဖြင့်ပြေးဆွဲနေသည်။

၎င်းလေကြောင်းလိုင်းမှတာဝန်ရှိသူများသည် မဲဆောက်-မော်လမြိုင်ခရီးစဉ် ပြေးဆွဲရန်အတွက် မွန်ပြည်နယ်အစိုးရ တာဝန်ရှိသူများနှင့် ဆွေးနွေးထားသည်ဟု မွန်ပြည်နယ်ကုန်သည်များနှင့်စက်မှု လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူးဦးထင်အောင်ကျော်ကပြောသည်။


NOK AIR လေကြောင်းလိုင်းသည် မဲဆောက်-ဘန်ကောက်ခရီးစဉ်၏ အထူးလျှော့ဈေးအစီအစဉ်ကို ထိုင်း-မြန်မာနယ်စပ်ရှိ မဲဆောက်နှင့်မြ၀တီမြို့များတွင်
လိုက်လံကြော်ငြာလျက်ရှိပြီး ခရီးစဉ်ကြာမြှင့်ချိန်မှာ မဲဆောက်-ဘန်ကောက် ၁.၁၅ နာရီ၊ မဲဆောက်-ချင်းမိုင် မိနစ် ၃၀ ခန့်နှင့်မဲဆောက်-မော်လမြိုင်မှာ
၁၈ မိနစ်ခန့် ဖြစ်သည်။


ထိုင်းနိုင်ငံတွင်ယာယီနိုင်ငံကူး လက်မှတ်ဖြင့် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမား ၁၃ သိန်းခန့်ရှိပြီး ၎င်းလက်မှတ်ကိုင်ဆောင်ကာ ထိုင်းနိုင်ငံအတွင်းကား၊
ရထား၊ သင်္ဘော၊ လေယာဉ်များနှင့် ခရီးသွားလာခွင့်ရှိသည်။

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes