SSA ဌာနချုပ် စစ်ရေးပြအခမ်းအနား



ဒီလ ၈ ရက်နေ့က  SSA(တောင်ပိုင်း) ဌာနချုပ် လွိုင်တိုင်းလျန်းမှာ  တွေ့ရတဲ့ စစ်ရေးပြသမှု  မြင်ကွင်းများ ဖြစ်ပါတယ်။   
ဒီ စစ်ရေးပြသမှုကို ၆၆ နှစ်မြောက် ရှမ်းပြည်အမျိုးသားနေ့ အခမ်းအနားမှာ ပြုလုပ်ခဲ့တာပါ။
ရှမ်းပြည်အမျိုးသားနေ့ အခမ်းအနားကို ဌာနချုပ်မှာ နှစ်စဉ် ပြုလုပ်ပေမယ့် ဒီနှစ်မှာတော့ ပိုပြီးတော့ စည်စည်ကားကား ကျင်းပခဲ့ပါတယ်။

တက်ရောက်သူ ဧည့်ပရိသတ် များပြားပြီး သတင်းဌာနတွေကိုလည်း အရင်နှစ်များထက် ပိုမို ၀င်ရောက်နိုင်အောင် စီစဉ်ပေးတာ တွေ့ခဲ့ရပါတယ်။

ကွန်မန်ဒိုတို့ရဲ့ စစ်ရေးပြသမှု

အမျိုးသမီးရဲဘော်များ


ရန်သူတပ်နဲ့ ရင်ဆိုင်ပုံ သရုပ်ဖော်ကွက်
ရင်ဆိုင်ပစ်ခတ်မှုဖြစ်ပွားပြီး ဆုတ်ခွာကြပုံ
ဒဏ်ရာရသူကို အကူအညီပေးပုံ သရုပ်ပြကွက်




အထူး ဖိတ်ကြားထားတဲ့ ဧည့်သည်အရေအတွက်က နှစ်ရာဝန်းကျင် ရှိမယ်လို့ ယူဆရပါတယ်။

အလေးပြုခံစင်မြင့်ထက်မှာ တွေ့ရတဲ့ SSA တောင်ပိုင်းရဲ့ အကြီးအကဲ ဒု ဗိုလ်ချုပ်ကြီး ရွက်စစ် နဲ့ ဧည့်သည်တော်များ
ချီတက်လာတဲ့ စစ်ကြောင်းများ



ဒေသအသီးသီးက အခမ်းအနား တက်ရောက်သူများ

ကြာသပတေးနေ့ စစ်ရေးပြအခမ်းအနားမှာ စစ်ကြောင်းတွေနားက ဖြတ်လျှောက်သွားတဲ့ အမျိုးသမီးစစ်သည်တဦး
SSA ဌာနချုပ်စခန်း လွိုင်တိုင်းလျန်းကို သွားမယ်ဆိုတော့ အအေးဒဏ် ခံနိုင်ရည်ရှိအောင် ကြိုတင်ပြင်ဆင်ခဲ့ပါတယ်။ သို့သော်လည်း တကယ်ရောက်သွားတော့ ကြုံရတာက နေ့ခင်း အပူဒဏ် ဖြစ်နေပါတယ်။ ဖုန်တွေလည်း တထောင်းထောင်းပါပဲ။ ဖုန်ကြောင့် ထင်ပါရဲ့ စစ်ရေးပြရဲဘော်တွေနားရောက်ရင် ချောင်းဆိုးသံ ကြားရပါတော့တယ်။

တောင်စောင်းမှာ တူးထားတဲ့ ဗုံးခိုကျင်းများ

ညဘက် အတန်ငယ် ချမ်းတဲ့ ရာသီဥတုအတွက် ပြင်ဆင်သွားဖို့ လိုသလို နေ့ဘက် လျှောက်သွားရင် ကြုံရမယ့် အပူဒဏ်နဲ့ ဖုံလုံးတွေရဲ့ ရန်ကိုလည်း ကာကွယ်ဖို့ ပြင်ဆင်သွားသင့်ပါတယ်။ သွားလာရေး အခက်အခဲ တွေ့မှာကတော့ မိုးတွင်းကာလ ဖြစ်ပါလိမ့်မယ်။

ဌာနချုပ် တောင်ကုန်းတခုပေါ်မှာ ဖွင့်ထားတဲ့ အထက်တန်းကျောင်းကို အဝေးက လှမ်းတွေ့ရပုံ
လိုင်တိုင်းလျန်းမှာ ရှိတုန်း ရောက်ဖြစ်ခဲ့တဲ့နေရာများထဲက တခုကတော့ စာသင်ကျောင်း ဖြစ်ပါတယ်။
 ရှမ်းအမျိုးသားနေ့ အခမ်းအနား ကျင်းပတဲ့ကာလဖြစ်လို့ ကျောင်းပိတ်ထားပါတယ်။ အခမ်းအနားတက်ဖို့ ရောက်လာတဲ့ ဧည့်သည်အများအပြား စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ ဧည့်ရိပ်သာ စသဖြင့် ဌာနချုပ်အနှံ့ စတည်းချနေကြပါတယ်။


စာသင်ကျောင်းမှာ တွေ့ရတဲ့ ကလေး ကစားကွင်း
ကျောင်းအကြောင်းက စိတ်ဝင်စားစရာပါပဲ။ အလုပ်များနေပုံရတဲ့ ကျောင်းဆရာတယောက်နဲ့ တွေ့ဆုံမေးမြန်းခွင့် ရခဲ့ပါတယ်။ မကြာခင် ရက်ပိုင်းအတွင်း လွိုင်တိုင်းလျန်း အထက အကြောင်း အင်တာဗျူးကို ဒီ ဧရာဝတီဘလော့မှာ ဖော်ပြပေးပါမယ်။

စစ်ဝတ်စုံနဲ့ ကျောင်းဆရာတဦးကို အထက်တန်းကျောင်းရုံးခန်းမှာ အခုလို တွေ့ရပါတယ်။
ကျောင်းဆရာ ဆရာမများလည်း ရှမ်းပြည်အမျိုးသားနေ့ အခမ်းအနားကျင်းပရေး ကော်မတီ အသီးသီးမှာ တာဝန်ကျကြဟန် တူပါတယ်။ ပူပြင်းတဲ့နေရောင်အောက်မှာ သွားလာ လှုပ်ရှားနေကြတာ တွေ့ရပါတယ်။ 

လွိုင်တိုင်းလျန်း ဆေးခန်းက သူနာပြုတဦး
လွိုင်တိုင်းလျန်းတောင်ကုန်းတွေထဲက တခုပေါ်မှာတော့ ဆေးခန်း ခပ်ကြီးကြီးတခု ဆောက်ထားပါတယ်။ ချက် သမ္မတနိုင်ငံက People in Need အဖွဲ့အစည်းရဲ့ အကူအညီနဲ့ ၂၀၁၁ မှာ ဆောက်ထားတာဖြစ်ကြောင်း ဆေးခန်းအ၀င် ဆိုင်းဘုတ်မှာ ရေးထားပါတယ်။

ဆေးခန်းမှာ လူနာ တချို့ တွေ့ခဲ့ရပါတယ်။ သူနာပြု အများစုကတော့ စစ်ရေးပြ ချီတက်မယ့်သူတွေကို ကျန်းမာရေး စစ်ဆေးဖို့ သွားကြတဲ့အတွက် ဆေးခန်းမှာ မတွေ့ခဲ့ရပါဘူး။

လွိုင်တိုင်းလျန်း တောင်ကုန်းများပေါ်မှာ တည်ရှိတဲ့ နေအိမ်၊ တန်းလျား၊ ရုံးတွေရဲ့ အခက်အခဲက သောက်သုံးရေ ရရှိရေး ဖြစ်ပါလိမ့်မယ်။ 
ရေကို သဘာဝရေထွက် ၃ နေရာလောက်ကနေ သွားယူရပါတယ် တဲ့။ ရေပုံးပြာပြာတွေနဲ့ ရေသယ်ယူကြပါတယ်။ 


လွိုင်တိုင်းလျန်း တနေရာမှာတော့ နယ်စပ်မျဉ်းကို တွေ့ရပါတယ်။ နယ်နိမိတ် ပိုင်းခြားထားတာကတော့ မော်တော်ကားလမ်းပါပဲ။ ပုံမှာ မြင်ရတဲ့အတိုင်း ဘယ်ဘက်ခြမ်းက ထိုင်းနိုင်ငံ ဖြစ်ပါတယ်၊ အဆောက်အအုံတွေ ရှိတဲ့ ညာဘက်ခြမ်းကတော့ မြန်မာပြည် ဖြစ်ပါတယ်။ 

SSA ဌာနချုပ်က နယ်စပ်မျဉ်းနားမှာ ကပ်ပြီး တည်ဆောက်ထားတဲ့သဘောပါ။

နှစ်နိုင်ငံ နယ်မြေပိုင်ဆိုင်မှု အမှတ်အသား မှတ်တိုင်တခုကိုလည်း တွေ့ခဲ့ရပါတယ်။ ထိုင်းအာဏာပိုင်တို့ စိုက်ထူထားတာလို့ ဆိုတဲ့ အဲဒီတိုင်ကို အဖြူရောင် အနီရောင် ဆေးသုပ်ထားပါတယ်။
နယ်စပ်မှတ်တိုင်နား ကလေး နှစ်ယောက် နေပူထဲ ဆော့နေကြပြီး အမျိုးသားတဦးကတော့ ရေခပ်သွားဖို့ ပြင်ဆင်နေဟန် တူပါတယ်။ သူတို့ သုံးယောက်လုံးက ဒုက္ခသည်တွေပါ။ 

စစ်ပွဲတွေကြောင့် ပြေးလာကြတာ မဟုတ်ပေမယ့် လက်နက်ကိုင်အဖွဲ့များရဲ့ဒဏ်ကို မခံနိုင်လို့ တိမ်းရှောင်လာတာဖြစ်တယ်၊ နေရပ်ပြန်ပြီး တောင်ယာလုပ်ကိုင်စားသောက်ရမယ့်နေ့ကို စောင့်မျှော်နေပါတယ်လို့ ဒုက္ခသည် တယောက်က ဧရာဝတီကို ပြောပါတယ်။

ရှမ်းဒေသ ပရိသတ်အတွက် လွိုင်တိုင်းလျန်းကို ရောက်လာတဲ့ထဲမှာ ရှမ်းဇာတ်အဖွဲ့တဖွဲ့လည်း ပါပါတယ်။ ၂ ည ဖျော်ဖြေ တင်ဆက်သွားတယ်လို့ သိရပါတယ်။


ရှမ်းစော်ဘွားများ၊ ဟော်နန်းများ၊ ရှမ်းတော်လှန်ရေးခေါင်းဆောင်များရဲ့ ဓာတ်ပုံတွေကိုလည်း အမျိုးသားနေ့ကာလမှာ ပြခန်းတခု စီစဉ်ပြီး ပြသထားတာ တွေ့ရပါတယ်။

တီရှပ်တွေ ချိတ်ထားတဲ့ အရောင်းဆိုင် တခု
အခမ်းအနား နဲ့ ပွဲရှိတဲ့အတွက် ပွဲဈေးတန်း ဆိုင်ခန်းများလည်း ရှိနေပါတယ်။ ဆိုင်တွေမှာ လူအုံနေပါတယ်။ စစ်သားတွေကတော့ အုပ်စုလိုက် ဆိုင်ထဲ ၀င်ကြ၊ ထိုင်ကြပေမယ့် သူတို့က ၀ယ်လိုအားကောင်းပုံ မရပါဘူး။ 


စစ်ရေးပြ အခမ်းအနားရောက် အနယ်နယ်အရပ်ရပ်မှ ပရိသတ်များ
လာမယ့် ရက်တွေမှာ လွိုင်တိုင်းလျန်း ခရီးစဉ် ပုံရိပ်တချို့ကို ဆက်လက် ဖော်ပြပါမယ်။လွိုင်တိုင်းလျန်းမှာ လေ့လာရေး၊ တွေ့ဆုံမေးမြန်းရေးတွေအတွက် SSA အရာရှိများက အကူအညီ ပေးကြပါတယ်။ သတင်းသမား ဆိုတာ သူတို့ရဲ့ ရန်ဘက် မဟုတ်ဘူးလို့ သဘောပေါက်ပုံ ရပါတယ်။ ဓာတ်ပုံ/ဗီဒီယို ကြိုက်သလို ရိုက်ကူးနိုင်ပါတယ်လို့လည်း သူတို့က ဆိုပါတယ်။

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes