SSA နဲ့ အမျိုးသမီးစစ်သား





မကြာသေးခင်က ထိုင်းမြန်မာနယ်စပ် SSA လွိုင်တိုင်းလျန်းဌာနချုပ် အခမ်းအနားတခုမှာ အမျိုးသမီးစစ်သား အများအပြား တွေ့ခဲ့ရပါတယ်။ 

SSA မှာတော့ အမျိုးသမီးစစ်သည်တွေကို တိုက်ခိုက်ရေးတာဝန်တွေ မပေးဘူး၊ သို့သော်လည်း အခြေခံ စစ်သင်တန်းတော့ အားလုံး တက်ထားတယ်လို့ SSA ပြောခွင့်ရ အရာရှိ ဗိုလ်မှူး စိုင်းလောင်ဆိုင်းက ပြောပြပါတယ်။
သူတို့ကို ကျန်းမာရေးဌာန အပါအ၀င်  ရုံးဌာနတွေမှာ တာဝန်ပေးတယ်လို့ ဗိုလ်မှူးက ဆက်ပြောပါတယ်။
လွိုင်တိုင်းလျန်းဌာနချုပ် တောင်ကုန်းတခုမှာ အမျိုးသမီးစစ်သည်တွေ သီးသန့် နေကြတာပါ။
ဟိုတုန်းကလည်း SSA ရဲဘော်တို့ရဲ့ အိမ်ထောင်ဘက်တွေ စစ်သင်တန်း တက်ကြတဲ့အတွက်  SSA မှာ အမျိုးသမီးစစ်သည်တွေ ရှိခဲ့တာ ကြာပြီလို့ ဆိုနိုင်ပါတယ်။

အခုလို  အရေအတွက် တရာဝန်းကျင် ဖြစ်လာတာ သိပ်မကြာသေးဘူး၊ ပြီးခဲ့တဲ့ ဒီဇင်ဘာကမှ ဒီအရေအတွက်ကိုရောက်လာတာပါ တဲ့။

တခြားနိုင်ငံက အမျိုးသမီးစစ်သား ~
ပြည်တွင်းစစ် ကာလအတန်ကြာ ဖြစ်ခဲ့ပြီး အခုလည်း အကြမ်းဖက်သမားများရန်နဲ့ ကြုံနေရတဲ့ အာဖဂန်နစ္စတန်နိုင်ငံမှာလည်း အမျိုးသမီးစစ်သည်တွေရဲ့ အခန်းကဏ္ဍက အရေးပါနေပြီ ဆိုတာကို  Fox News ရုပ်သံက ဒီလလယ်ပိုင်း သတင်းထုတ်လွှင့်ချက်မှာ တွေ့ရပါတယ်။

အာဖဂန်မှာ အမျိုးသမီးတွေက လက်နက်ကိုင်လုံခြုံရေးအင်အားစုမှာ ပါဝင်နေတာ ကြာပါပြီ။
အထူးတပ်ဖွဲ့အတွက် တပ်သားစုဆောင်းရေး အစီအစဉ်မှာ အမျိုးသမီးတွေကိုလည်း ထည့်သွင်းလာပါတာ ၂ နှစ် ရှိပါပြီ တဲ့။

ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရအရာရှိ ဗိုလ်ချုပ်တယောက်ရဲ့ အဆိုအရ အမျိုးသမီးစစ်သည် တထောင်ထက် မနည်း တပ်ထဲမှာ အမှုထမ်းနေတယ်လို့ ဆိုပါတယ်။
အာဖဂန်မှာ စစ်သည်အင်အားစုစုပေါင်းက နှစ်သိန်း နီးပါး ရှိတယ်လို့ ဆိုပါတယ်။

အကြမ်းဖက်သမား ခိုအောင်းနေတယ်လို့ ယူဆရတဲ့ အဆောက်အအုံတွေကို ၀င်ရောက် စီးနင်း ရှာဖွေရာမှာ အမျိုးသမီးတပ်ဖွဲ့ဝင်တွေက အရေးပါနေရတဲ့ အကြောင်းရင်းက အာဖဂန်ဟာ ရှေးရိုးစွဲနိုင်ငံတခု ဖြစ်လို့ပါပဲ တဲ့။
အိမ်ထဲမှာ အမျိုးသမီးတွေ၊ ကလေးတွေ ရှိနေတတ်တဲ့အတွက်  အမျိုးသမီးတပ်ဖွဲ့ဝင်တွေကို ဒီလိုစီးနင်းမှုမျိုးမှာ  မကြာခဏ ထည့်သွင်း တာဝန်ပေးနေတယ်လို့  ဆိုပါတယ်။
စီးနင်းရှာဖွေတဲ့အခါ အမျိုးသမီးတွေ၊ ကလေးတွေကို ဘေးလွတ်ရာ ခေါ်ဆောင်သွားဖို့ သူတို့ကို လေ့ကျင့်ပေးထားတယ်လို့ သိရပါတယ်။
သို့သော်လည်း သူတို့ရှာဖွေတဲ့ အကြမ်းဖက်သမား ဆိုသူက ၀တ်ရုံရှည်ဝတ်ဆင်၊ ခေါင်းမြီးခြုံပြီး အမျိုးသမီးယောင်ဆောင်ထားတာမျိုး ရှိတတ်တဲ့အတွက် တော်တော်လေး သတိထား ဆောင်ရွက်ရမယ့် စစ်ဆင်ရေးတွေပါပဲ။

ပြီးခဲ့တဲ့လမှာ အမေရိကန် ပင်တဂွန် စစ်ဌာနချုပ်ကလည်း အမျိုးသမီးစစ်သည်တွေနဲ့ ပတ်သက်တဲ့ ညွှန်ကြားချက် တခု ထုတ်လာပါတယ် - ရှေ့တန်းစစ်ဆင်ရေး (တိုက်ခိုက်ရေး) မှာလည်း အမျိုးသမီးရဲဘော်များ တာဝန်ထမ်းနိုင်ပါပြီ တဲ့။

 SSA တောင်ပိုင်း ဌာနချုပ် မြင်ကွင်းများ 
http://blog.irrawaddy.org/2013/02/ssa_11.html
SSA အမျိုးသမီးစစ်သား ~SSA မှာတော့ အမျိုးသမီးစစ်သည်တွေက နောက်တန်းမှာပဲ  တာဝန်ကျပါတယ်။
အစိုးရတပ်နဲ့ အပစ်ရပ်သဘောတူပြီးနောက်ပိုင်း ဒီဒေသမှာ တိုက်ပွဲတွေလည်း နည်းသွားပြီလို့ ဆိုနိုင်ပါတယ်။
ဒါကြောင့် SSA  အမျိုးသမီးတပ်သားများဟာ နောက်တန်းစခန်း အန္တရာယ် မကျရောက်သေးသမျှ တိုက်ခိုက်ရေးတာဝန်ယူရဦးမယ်မဟုတ်ဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။




ဒီလ ဂ ရက်နေ့ စစ်ရေးပြ အခမ်းအနားမှာ ဓားစာခံ ၀င်ရောက် ကယ်ဆယ်မှု သရုပ်ဖော်ပြကွက်လည်း ပါဝင်ပါတယ်။

ကွန်မန်ဒို ၄ ဦးက ဓားစာခံ ၀င်ရောက်ကယ်ဆယ်ရာမှာ သတ်ပုတ်တိုက်ခိုက်ကြပါတယ်။

ကယ်ဆယ်မှု စစ်ဆင်ရေးအပြီး ကွန်မန်ဒိုတွေ မျက်နှာဖုံးချွတ်ပြီး အလေးပြုရာမှာ သူတို့ထဲကတယောက် အမျိုးသမီး ဖြစ်နေတာကို တွေ့ရတဲ့အတွက် ပရိသတ်က သြဘာပေးကြပါတယ်။





ပွဲဈေးတန်းမှာ ဈေးဝယ်နေကြတဲ့ အမျိုးသမီးစစ်သည်တချို့






 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes