၆၈ နှစ်မြောက် တပ်မတော်နေ့ နေပြည်တော်မှာ ကျင်းပ

army-day-305.jpg


မြန်မာ့တပ်မတော် သမိုင်းကြောင်းမှာ ဘယ်တုန်းကမှ လူမျိုးတုန်း သတ်ဖြတ်မှု (Genocide) ကျူးလွန်ခဲ့တာ မရှိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နေပြည်တော်မှာ မတ်လ ၂၇ ရက်နေ့ ဒီနေ့ကျင်းပတဲ့ ၆၈ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားမှာ ပြောလိုက်ပါတယ်။

ဒါ့အပြင် တပ်မတော်ဟာ တပ်မတော် ဥပဒေစည်းမျဉ်း များအပြင် ဂျီနီဗါကွန်ဗန်းရှင်း (Geneva Conventions) ကိုလည်း လိုက်နာလျက်ရှိကြောင်းနဲ့ ကွန်ဗန်ရှင်း ခေါ် နိုင်ငံတကာသဘောတူညီချက်တွေ ကိုလည်း တပ်မတော်သားတွေသိရှိအောင် သင်ကြားပေးလျက်ရှိကြောင်းအပြင် စည်းကမ်းဖေါက် ဖျက်သူတွေကိုလည်း အရေးယူလျှက်ရှိကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောခဲ့ပါတယ်။
ဂျီနီဗါကွန်ဗန်းရှင်းဟာ ဒုတိယကမ္ဘာစစ်ကြီးအပြီး ၁၉၄၉ ခုနှစ်မှာ ပြန်လည်မွန်းမံပြဌာန်းခဲ့တဲ့ ဥပဒေလိုမျိုးအသက်ဝင်တဲ့ နိုင်ငံတကာ သဘောတူညီချက်ဖြစ်ပါတယ်။ အဲဒီပြဌာန်းချက်မှာ စစ်ပွဲကာလအတွင်း စစ်သုံ့ပန်းတွေနဲ့ အရပ်သားတွေရဲ့ အခွင့်အရေးကို ပြဌာန်းထားတာဖြစ်သလို စစ်ပွဲတွေမှာ အရပ်သားတွေကို အကာအကွယ်ပေးဖို့ကိုလည်း ပြဌာန်းထားတာ ဖြစ်ပါတယ်။
ဒီနေ့ တပ်မတော်နေ့ အခမ်းအနားမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဗိုလ်ချုပ်အောင်ဆန်းမျှော်မှန်းခဲ့တဲ့ တပ်မတော်ဖြစ်အောင်ကြိုးပမ်းဖို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။
ဒီနေ့အခမ်းအနားကို တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်လည်း အထူးဧည့်သည်အဖြစ် ပထမဆုံးအကြိမ် တက်ရောက်ခဲ့ပါတယ်။ 
ဒေါ်အောင်ဆန်းစုကြည်ကို စစ်ရေးပြကွင်း ပွဲကြည့်စင်ရှေ့ဆုံးတန်းမှာ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ဝေလွင်နဲ့အတူ ထိုင်ခုံဘေးချင်းကပ် နေရာချထားပေးခဲ့ပြီး၊ အဲ့ဒီအခမ်းအနားကို လွှတ်တော်အသီးသီးက ရေးရာကော်မတီဥက္ကဋ္ဌတွေနဲ့ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။
ဒီကနေ့ တပ်မတော်နေ့ အခမ်းအနားကို ကိုမင်းကိုနိုင်ဦးဆောင်တဲ့ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့ကလည်း ပထမဆုံးအကြိမ် သဝဏ်လွှာတစ်စောင် ပေးပို့ခဲ့ပါတယ်။ ၈၈ မျိုးဆက်ခေါင်းဆောင်တွေရဲ့ သ၀ဏ်လွှာမှာ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေး ဦးတည်ချက်ကို နိုင်ငံရေးအင်အားစုအားလုံး၊ တပ်မတော်အပါအဝင် ပြည်သူတစ်ရပ်လုံးရဲ့ အင်အားနဲ့ နိုင်ငံသစ်တည်ထောင်ဖို့ တိုက်တွန်းကြောင်း ဖော်ပြထားပါတယ်။


အခုနှစ် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားမှာ ပထမဆုံးအကြိမ်အဖြစ် ဂျက်တိုက်လေယာဉ်တွေ၊ သံချပ်ကာကားတွေ၊ လေယာဉ်ပစ်အမြောက်တွေ ထည့်သွင်းပြသခဲ့သလို စစ်ရဟတ်ယာဉ်တွေက နိုင်ငံတော်အလံကို ပျံဝဲသယ်ဆောင်ပြီး အလေးပြုတဲ့အစီအစဉ်ကိုပါ ထည့်သွင်းကျင်းပခဲ့ပါတယ်။

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes