ထိုင်းဝန်ကြီးချုပ်ရုံးမှာ ၈၈ တို့ ရှပ်နီခေါင်းဆောင်နဲ့တွေ့ဆုံ


၈၈ မျိုးဆက်တို့၏ ထိုင်းနိုင်ငံခရီးစဉ် နောက်ဆုံးနေ့တွင် ထိုင်းနိုင်ငံ ၀န်ကြီးချုပ်၏ အကြံပေးအရာရှိနဲ့ ယမန်နေ့က တွေ့ဆုံခဲ့ပါတယ်။ 
 


ရှပ်နီခေါင်းဆောင်နဲ့ ထိုင်းဝန်ကြီးရုံးမှာ ၈၈ တို့ တွေ့ဆုံစဉ်၊ ဓာတ်ပုံ-၈၈
ထိုင်းနိုင်ငံသို့ ရောက်ရှိနေကြသော ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ဟာ မတ်လ ၂၅ ရက် နံနက် ၉ နာရီခွဲက ထိုင်းနိုင်ငံ ၀န်ကြီးချုပ်ရုံးကို သွားရောက်ခဲ့ကြပြီး ထိုင်းဝန်ကြီးချုပ် မစ္စ ယင့်လတ်ရှင်နာဝပ်ရဲ့ အကြံပေးအရာရှိလည်း ဖြစ်၊ ရှပ်နီခေါင်းဆောင်လည်းဖြစ်သူ လက်ထောက်ပါမောက္ခ မစ္စတာ Jaran Ditapichai နဲ့ တနာရီကြာ တွေ့ဆုံခဲ့ကြတာပါ။ 
အဲဒီလိုတွေ့ဆုံရာမှာ ၈၈ မျိုးဆက်ကျောင်းသားတွေနဲ့အတူ ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးကော်မတီ ဥက္ကဋ္ဌ မစ္စတာ Sunai Chulpongsatorn လည်း အတူပါရှိခဲ့ပြီး ထိုင်းနိုင်ငံရေးအခြေအနေ၊ ထိုင်း - မြန်မာ ၂ နိုင်ငံ ဆက်ဆံရေးတိုးတက်ရေးနဲ့ ရှေ့အလား အလာတွေကို  ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ 
ထိုင်း - မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများကိစ္စ၊ မြန်မာနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမားများ အရေးကိစ္စနှင့် ထားဝယ်ရေနက်ဆိပ်ကမ်း၊ စက်မှုဇုန်ကြီးတည်ဆောက်မည့် ကိစ္စရပ်များကို အဓိကထား ဆွေးနွေးသွားခဲ့ကြ တာဖြစ်တယ်လို့ ၈၈ မျိုးဆက်ကျောင်းသားတွေက ဆိုပါတယ်။ 
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးကိုတော့ ထိုင်းနိုင်ငံ ရုပ်မြင်သံကြားလိုင်း တစ်ခုဖြစ်တဲ့ PBS (Public Broadcasting Service) ရုံးမှာ ထိုင်းနိုင်ငံ အတွေ့အကြုံတွေကို ယမန်နေ့ နေ့လယ်ပိုင်းမှာ မးမြန်းခဲ့လို့ ဖြေကြားမှုလည်း လုပ်ခဲ့ပါသေးတယ်။ 
ခရီးစဉ်အတွင်းမှာ ၈၈ မျိုးဆက်ကျောင်းသားတွေဟာ ထိုင်း အတိုက်အခံ နိုင်ငံရေးခေါင်းဆောင်တွေ နဲ့လည်း တွေ့ဆုံခဲ့ပါသေးတယ်။ 
 
၈၈ မျိုးဆက်ကျောင်းသားတွေရဲ့ ထိုင်းနိုင်ငံ ၈ ရက်တာ ခရီးစဉ်ကို ယမန်နေ့က အဆုံးသတ်လိုက်ပြီး ရန်ကုန်လေဆိပ်ကို ယမန်နေ့ည ၉ နာရီကျော်က ပြန်လည်ဆိုက်ရောက်လာခဲ့ကြောင်း သိရပါတယ်။ 


 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes