ဆင်ခြင်တုံတရားနဲ့ အတူ လက်တွဲလုပ်နိုင်ဖို့ အရေးကြီးတယ် လို့ ဒေါ်အောင်ဆန်းစုကြည် ပြော

dassk_phyu_305


နိုင်ငံ့အရေး လုပ်ဆောင်ကြရာမှာ ဆင်ခြင်တုံ တရားရှိဖို့နဲ့ အားလုံးနဲ့ လက်တွဲအလုပ်လုပ်နိုင်ဖို့ လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည် က ပြောကြားလိုက်ပါတယ်။
ဖခင်ဖြစ်သူရဲ့ ဇာတိဖြစ်တဲ့ မကွေးတိုင်း နတ်မောက်မြို့မှာကျင်းပတဲ့ ဗိုလ်ချုပ်အောင်ဆန်း အထိမ်းအမှတ် “အောင်ဆန်း ကွန်ပျူတာ ကျောင်းဆောင်သစ်” ဖွင့်ပွဲနဲ့ လှူဒါန်းပွဲကို ဒီကနေ့တက်ရောက်စဉ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောလိုက်တာဖြစ်ပါတယ်။
"နိုင်ငံရေးလုပ်တယ်ဆိုတာ ဦးနှောက်ကိုလည်း သုံးရတယ်၊ ဆင်ခြင်တုံတရားလည်း ရှိရတယ်၊ နောက်ပြီးတော့လည်း ကျမတို့ဟာ အားလုံးနဲ့ လက်တွဲပြီးတော့လုပ်နိုင်တဲ့ အခြေအနေကိုလည်း ဦးတည်ရတယ်၊ ကျမတို့ကြားထဲမှာ စည်းလုံးညီညွှတ်မှုရှိမှ တိုးတက်နိုင်မှာပါ၊ စည်းလုံးညီညွှတ်မှုမရှိပဲနဲ့ မတိုးတက်နိုင်ပါဘူး၊ အဲတော့ ဒီနတ်မောက်မြို့သူ မြို့သားတွေကစပြီးတော့ ကျမတို့ရဲ့နိုင်ငံအတွက် စံပြပြည်သူပြည်သားတွေဖြစ်အောင်လို့ နေပေးစေချင်ပါတယ်"
ဒီလှူဒါန်းတဲ့ ကျောင်းဆောင်ကို သီတဂူဆရာတော် ဦးဥာဏိဿရ ကြီးမှူးပြီး ဘယ်လဂျီယံနိုင်ငံ အလှူရှင်အဖွဲ့တဖွဲ့က ငွေကျပ်သိန်း ၁၆၀၀ ကျော်မတည်လှူဒါန်းတာဖြစ်ပါတယ်။
ဒီဖွင့်ပွဲကို သီတဂူဆရာတော်ကြီးရဲ့ တပည့်ဒါယိကာတွေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေနဲ့ နတ်မောက်ဒေသခံတွေ တက်ရောက်ခဲ့ပါတယ်။

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes