မြန်မာ့လူ့အခွင့်အရေး အမေရိကန်နဲ့ သြစတြေးလျ ဆွေးနွေး


သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး ဘော့ကား နဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ တို့ ပူးတွဲသတင်းစားရှင်းလင်းပွဲပြုလုပ်စဉ် (၁၈ မတ် ၂၀၁၃)သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး ဘော့ကား နဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ တို့ ပူးတွဲသတင်းစားရှင်းလင်းပွဲပြုလုပ်စဉ် (၁၈ မတ် ၂၀၁၃)
အမေရိကန် ပြည်ထောင်စုကို ရောက်နေတဲ့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ဘော့ကား (Bob Carr) နဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီ (John Kerry) တို့ မနေ့က တွေ့ဆုံစဉ်အတွင်း မြန်မာနိုင်ငံ လူ့အခွင့်အရေးတွေနဲ့ ပတ်သက်လို့ ဆွေးနွေး ခဲ့ကြပါတယ်။ အသေးစိတ် ပြောဆိုဆွေးနွေးတာ မရှိပေမဲ့၊ သြစတြေးလျ နိုင်ငံခြားရေး ၀န်ကြီး ပြောအရဆိုရင်တော့ လက်ရှိ မြန်မာ့ နိုင်ငံရေးအခြေအနေ အပေါ်မှာ ကျေနပ်ကြပုံ ရပါတယ်။ အပြည့်အစုံကိုတော့ ကိုသားညွန့်ဦးက တင်ပြထားပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကယ်ရီနဲ့ သြစတြေးလျနိုင်ငံခြားရေး ၀န်ကြီး ကား တို့နှစ်ဦး ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာပဲ သူတို့နှစ်ဦး ဆွေးနွေးခဲ့တဲ့ အကြောင်းရပ်တွေ ကို ပြန်လည် ရှင်းလင်းတဲ့အထဲ မြန်မာနိုင်ငံကိစ္စပါ ဆွေးနွေး ခဲ့ကြတယ် လို့ ပြောခဲ့ကြတာပါ။ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး အခြေအေနေ တိုးတက်လာရေးကို ဆွေးနွေးခဲ့တယ် လို့ နိုင်ငံခြားရေးဝန်ကြီး ကယ်ရီ က ပြောသွားပါတယ်။ “ကိစ္စရပ်တွေကို ကျယ်ကျယ်ပြန့်ပြန့် စုံလင်အောင် တိုင်ပင်ဆွေးနွေးခဲ့ကြပါတယ်။ရေကြောင်းလုံခြုံရေးကနေ ဒီမိုကရေစီ ဖွံ့ဖြိုးမှုအတွက် ကူညီအားပေးမှုတွေ အဆုံး၊ ဒါ့အပြင် မြန်မာနိုင်ငံနဲ့ ပစိဖိတ်ဒေသ ကျွန်းနိုင်ငံတွေလို နေရာတွေမှာ လူ့အခွင့်အရေး တိုးတက်ကောင်းမွန်လာအောင် အကူအညီပေးရေးကိစ္စ၊ ASEAN APECE နဲ့ အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲလို ဒေသဆိုင်ရာ အဖွဲ့အစည်းတွေ ခိုင်မာ အားကောင်းလာရေး ကိစ္စတွေ ဆွေးနွေးဖြစ်ခဲ့ပါတယ်။” အမေရိကန်ပြည်ထောင်စုအနေနဲ့ အာရှ ပစိဖိတ်ဒေသနဲ့ ဆက်ဆံရေး ပိုပြီးတော့ ခိုင်မြဲအောင် လုပ်တဲ့နေရာမှာ သြစတြေးလျနိုင်ငံနဲ့ ဆက်ဆံရေးကိုလည်း အလေးထားတာကြောင့်မို့ အခုလို နှစ်ဘက်ဆက်ဆံရေး ကောင်းမွန်လာဖို့က အရေးကြီးတယ်ဆိုပြီးတော့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကယ်ရီ ကလည်း ပြောသွားပါတယ်။ ဒီအထဲမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ထူးခြားချက်ကတော့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကယ်ရီက Burma ဆိုတဲ့ အသုံးအနှုန်းကို ဆက်သုံးပြီး၊ သြစတြေးလျ နိုင်ငံခြားရေး ၀န်ကြီးကတော့ Myanmar ဆိုတဲ့ အသုံးအနှုန်းကို သုံးသွားပါတယ်။ မြန်မာအကြောင်း ဆွေးနွေးရာမှာ ကျေနပ်စရာ ရှိတယ်ဆိုတာကိုတော့ သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး ကား က ပြောတဲ့အထဲမှာ တွေ့ရပါတယ်။ “မြန်မာနိုင်ငံတွင်း မဖြေရှင်းရသေးတဲ့ လူ့အခွင့်အရေးဆိုင်ရာ အကဲစမ်းချက်တွေ ရှိပေမဲ့လို့ နှိုင်းယှဉ်ချက်အရဆိုရင်တော့ မြန်မာနိုင်ငံက ဒီမိုကရေစီ ဖြစ်ထွန်း တိုးတက် မှုတွေအပေါ်မှာတော့ ကျေနပ်စရာ ဆွေးနွေးခဲ့ပါတယ်။ အခု သီတင်းပတ်အတွင်း မှာလည်း မြန်မာသမ္မတ ဦးသိန်းစိန်ဟာ သြစတြေးလျနိုင်ငံကို ရောက်နေပါတယ်။” သြစတြေးလျ နိုင်ငံအနေနဲ့ကတော့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒ ပြောင်းလဲပြီး မကြာခင်မှာ ပဲ၊ မြန်မာနိုင်ငံကို အင်္ဂလိပ်လို Burma ကနေ Myanmar ဆိုပြီး တရားဝင် ပြောင်းလဲသုံးစွဲခဲ့ပါတယ်။ ၂၀၁၂ ခုနှစ် ဇွန်လတုန်းက သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ဘော့ကား ဟာ မြန်မာနိုင်ငံ ကို သွားရောက်ခဲ့ပြီး၊ မြန်မာသမ္မတနဲ့လည်း တွေ့ဆုံခဲ့တာပါ။ မြန်မာနိုင်ငံတွင်း ရခိုင်နဲ့ ကချင်ပြည်နယ်က ပဋိပက္ခတွေကြောင့် ဒုက္ခသည်တွေအတွက် အကူအညီ အမေရိကန်ဒေါ်လာ နောက်ထပ် ၂ ဒဿမ ၅ သန်း ပေးမယ်ဆိုပြီး ဖေဖော်ဝါရီလကကြေညာခဲ့ပါတယ်။ အခုလက်ရှိ သြစတြေးလျနိုင်ငံကို သမ္မတ ဦးသိန်းစိန်ရောက်ရှိစဉ်မှာပဲ သြစတြေးလျနိုင်ငံ ABC / Radio Australia ကနေ မြန်မာနိုင်ငံကို အရင်တုန်းက Burma သုံးစွဲနေရာကနေ Myanmar ဆိုပြီး ပြောင်းလဲ သုံးစွဲမယ့်အကြောင်း ကြေညာခဲ့ပါတယ်။ အမေရိကန် ပြည်ထောင်စုကတော့ Burma ဆိုတဲ့ အသုံးအနှုန်းကိုပဲ ဆက်ပြီး သုံးစွဲနေဆဲ ပါ။ ဒီကနေ့ နိုင်ငံခြားရေး ၀န်ကြီးနှစ်ဦး ၀ါရှင်တန်ဒီစီမှာ တွေ့ဆုံစဉ် မြန်မာနိုင်ငံအကြောင်း ထည့်သွင်း ဆွေးနွေးတယ်ဆိုပေမဲ့၊ ဘယ်လို အကြောင်းအရာ ဘယ်ကိစ္စတွေကို ဆွေးနွေး ခဲ့ကြသလဲ ဆိုတာကိုတော့ အသေးစိတ် ထုတ်ပြန်ပြောဆိုတာ မရှိသေးပါဘူး။

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes