ဧရာဝတီကမ်းပါးပြိုတဲ့ထဲ ရွှေတောင်မှအိမ်တချို့ပါသွား

 

ပဲခူးတိုင်း၊ ရွှေတောင်မြို့နယ် ကျီးသဲအုပ်စု ညောင်လှကျေးရွာတွင် တနင်္ဂနွေညက ဧရာဝတီ  မြစ်ကမ်းပါး ပြိုကျရာ လူနေအိမ် (၉) လုံးပါသွားသည်။

ဧရာဝတီမြစ်အရှေ့ဘက်ကမ်းရှိ ကမ်းပါးယံပေါ်တွင် တည်ရှိသော ထိုရွာမှ နေအိမ် ၃၇ လုံးကိုလည်း ဘေးလွတ်ရာသို့ ဖျက်သိမ်း ရွှေ့ပြောင်းလိုက်ကြကြောင်း၊  ထိခိုက်ဒဏ်ရာရမှု၊ သေဆုံး ပျောက်ဆုံးမှု မရှိကြောင်း သိရသည်။

“ကျမတို့လည်း မြေအက်တာ မြင်မြင်ချင်း ရွှေ့ဖို့ပြောင်းဖို့သိမ်းတော့တာ ပစ္စည်းပစ္စယတွေသိမ်းဆည်းလို့တောင် မမီလိုက် ဘူး၊ တီဗွီ ၇ နာရီကားလည်းပြီးရော တန်း ပါတာပဲ” ဟု ကမ်းပြိုသည့်အထဲတွင် နေအိမ်ပါသွားသော ဒေါ်ဝင်းက ဧရာဝတီကို ရှင်းပြသည်။

“အခုလောလောဆယ် စာသင်ကျောင်းရှေ့မှာ တဲထိုးနေတယ်။ အခုထိလည်း တရေးမှ မအိပ်ရသေးဘူး၊ ရွာဆိုတော့မီးမရှိတော့ မှောင်ထဲမဲထဲ မမြင်မဆန်းနဲ့ ရွှေ့ပြောင်းနေရတာ” ဟု သူက ဆက်ပြောသည်။



အာဏာပိုင်တို့က ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ကြောင်း ပဲခူးတိုင်းဒေသကြီး လွှတ်တော်အမတ်တယောက်ဖြစ်သည့် ဦးနေဦးက ဆိုသည်။

“တိုင်းဒေသကြီး အစိုးရအဖွဲ့က  နယ်စပ်ဒေသလုံခြုံရေး ဒုဝန်ကြီး ဦးသက်ထွန်း ကြီးကြပ်ပြီးတော့ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်တယ်၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးက ထောက်ပံ့ကြေးတွေ ပေးသွားတယ်။ ယာယီ နေဖို့ကတော့ စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းမှာ လောလောဆယ် နေရာချထားပေးတယ်။  နေရာထိုင်ခင်းအတွက် မြေစာရင်းနဲ့ ပူးပေါင်း လုပ်ဆောင်ဖို့ အစီအစဉ်ရှိတယ်၊ ပြန်လည်နေရာချပေးဖို့ အမြန်ဆုံး ဆောင်ရွက်သွားမှာပါ” ဟု  ဦးနေဦးက ဧရာဝတီကို ပြောသည်။

ထိခိုက်မှုရှိသောအိမ် နှင့် နေထိုင်သူ အရေအတွက်


  • ကမ်းပါးပြိုရာတွင် ပါသွားသော အဆောက်အအုံ ၉ လုံး - လူဦးရေ ၃၇
  • ဘေးလွတ်ရာ ရွှေ့ရသော အဆောက်အအုံ ၃၇ လုံး -  လူဦးရေ ၁၅၈
စုစုပေါင်း အိမ်ထောင်စု ၃၂  စု၊  လူဦးရေ ၁၉၅ ဦး

အာဏာပိုင်တို့၏ ကူညီမှုနှင့် ပတ်သက်ပြီး ဒုက္ခသည်တဦးက ဘ၀င်မကျ ဖြစ်ရသည်ဟု ပြောသည်။

“ကျနော်တို့ကို မနက်က နယ်စပ်ရေးရာဒုဝန်ကြီးနဲ့ တာဝန်ရှိသူတွေ လာတွေ့တယ်၊ ဒုက္ခရောက်သူ အချင်းချင်းတောင် ပြိုတဲ့အထဲပါတဲ့ (၉)အိမ်ကိုတော့ ငွေငါးသောင်း ပိုပေးသွားတယ်၊ 
ကျနော်တို့ကျတော့ ပလပ်စတစ် ပုံးတပုံး၊ အင်္ကျီ ၂ထည်နဲ့ စောင်တထည်ပဲ ရတယ်။ တကယ်ဆို ကျနော်တို့လည်း အိုးမဲ့အိမ်မဲ့ဖြစ်ရတာပါပဲ။ အဲဒီလိုမျိုး လုပ်တာတော့ မကောင်းဘူးပေါ့ဗျာ” 
ဟု ဘေးလွတ်ရာ ရွှေ့ပြောင်းနေရတဲ့ အိမ် (၃၇) လုံးထဲမှ မိသားစုဝင်တဦးက ဧရာဝတီကို ပြောသည်။

ရွှေတောင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊  ရွှေမျက်မှန်ဆရာတော်၊   Free Social Affairs အဖွဲ့ တို့ကလည်း ဒုက္ခသည်တို့အတွက်  ဆန်၊  ငွေကြေး သွားရောက် လှူဒါန်းကြသည်ကို တွေ့ရသည်။ 


  




ဧရာဝတီမှ ကူးယူဖော်ပြသည်

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes