ဒေါ်အောင်ဆန်းစုကြည်အား တရုတ် သံအမတ်နှင့် ဇနီးလာတွေ့ဆုံ


အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဆီကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ သံအမတ်ကြီး မစ္စတာ လီကျင်ဟွာနဲ့ ဇနီးသည်တို့ဟာ ယမန်နေ့ ညနေ ၆ နာရီခွဲလောက်က နေပြည်တော် ရှိ ရွှေမြန်မာ ဟော်တယ်မှာ လာရောက်တွေ့ဆုံခဲ့ပါတယ်။ 

အခုလို တရုတ် သံအမတ်ကြီးတို့ ဇနီးမောင်နှံအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ရင်းရင်းနှီးနှီး  တွေ့ဆုံမှု ဟာ ပွင့်လင်းစ ပြုလာတဲ့ မြန်မာ့နိုင်ငံရေးအတွက် ထူးခြားမှု တခုအဖြစ် ဝေဖန်သူတွေက မှတ်ချက်ပြုကြပါ 
တယ်။ 
၁၉၉၀ ခုနှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကြီး ပြီးခါစက NLD ပါတီက တနိုင်ငံလုံး အတိုင်း အတာနဲ့ အနိုင်ရပြီးစအချိန်မှာ ထိုစဉ်က တရုတ် သံအမတ်ကြီးကလည်း ပါတီရုံးချုပ်ကို လာရောက် တွေ့ဆုံ ခဲ့ဖူးပါသေးတယ်။ 

ပထ၀ီ နိုင်ငံရေးအရ အိမ်နီးချင်း အင်အားကြီး တရုတ်နိုင်ငံဟာ မြန်မာအတွက်အရေးကြီးသလို တရုတ် အတွက်လည်း  ဒီမိုကရေစီပွင့်လင်းစပြုလာပြီး မြန်မာနိုင်ငံနဲ့ အမေရိကန်၊ ဥရောပ သမဂ္ဂနိုင်ငံတွေနဲ့ ပိုမိုနီးကပ်လာချိန် မြန်မာဟာလည်း အရင်ထက် ပိုပြီး အရေးပါတဲ့ နိုင်ငံ တခုဖြစ်ပါတယ်။

ဒီအပြင် မြန်မာဟာ တရုတ်နိုင်ငံအတွက် လိုအပ်ချက်နိုင်ငံတခုဖြစ်နေခြင်းဟာ အာဆီယမ်နိုင်ငံများအကြား ကြားခံ နိုင်ငံတခုအဖြစ်ရှိနေတာနဲ့ အိန္ဒိယနဲ့ ထိစပ်ထားတဲ့အတွက်ကြောင့်လည်း ဖြစ်ပါတယ်။ 

အခုလိုတွေ့ဆုံမှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံမှာတော့ တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုက အများဆုံး ရှိနေ တာကြောင့်လည်း တရုတ် အကျိုး စီးပွား ကာကွယ်ရေးတွေ အတွက်လည်း ပါဝင်တယ်လို့ ဝေဖန်မှုတွေ ရှိပါတယ်။  

အခု တွေ့ဆုံဆွေးနွေးမှုနဲ့ပတ်သက်တဲ့ အသေးစိပ်ကိုတော့ မသိရသေးပါဘူး။ 

 ဓာတ်ပုံများ- ဆန်နီ


 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes